ဖန်လည်းဖန် ခါးလည်းခါးတဲ့ ဖန်ခါးသီး

ဖန်ခါးသီးကို အင်္ဂလိပ်လို Myrobalan လို့ခေါ်ပါတယ်။ ဖန်ခါးသီးကို စားရာမှာ တို့စရာအဖြစ် ငပိရည်နဲ့တို့စားကြလေ့ရှိပါတယ်။

ဖန်ခါးသီးရဲ့အရသာဟာ သူ့နာမည်အတိုင်းပါပဲ။ ဖန်ပြီး ခါးတဲ့အရသာရှိပါတယ်။ သို့သော် ဖန်ခါးပြီးတဲ့နောက်မှာ အချိုအရသာလေးလိုက်လာပါတယ်။

ဒီလိုဖန်ဖန်ခါးခါးအရသာရှိတဲ့အတွက် ဖန်ခါးသီးကို အများစုက မကြိုက်ကြပါဘူး။ အစားလည်းနည်းပါတယ်။ တကယ်တော့ ဖန်ဖန်ခါးခါးအရသာရှိပြီး လူကြိုက်နည်းတဲ့ ဖန်ခါးသီးဟာ ကျန်းမာရေးကိုအများကြီး အထောက်အကူပြုတဲ့ အသီးဖြစ်ပါတယ်။

ဖန်ခါးသီးမှာ Tannins, Zallotarims including terchebulin, Terflavin A, Punicalagin, Corilagin, Chebulic acid and Chebulinic acid, D glucose, D fructose, Saccharose, Fatty oil စတဲ့ ကျန်းမာရေးကို ကောင်းကျိုးပေးတဲ့ ဓါတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။

ဒီလိုဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အတွက် ဖန်ခါးသီးဟာ နှလုံးသွေးလွှတ်ကြောများကို ကျယ်စေတဲ့အစွမ်းအာနိသင်၊ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အစွမ်းအာနိသင်၊ သွေးတွင်း အဆီဓါတ်တွေကျစေသောအစွမ်းအာနိသင်၊ အစာအိမ်ရောင်တဲ့အခါဖြစ်တဲ့ အစာမကြေမှုနဲ့ရင်ခေါင်းပူလောင်မှုကို သက်သာစေသောအစွမ်းအာနိသင်၊ ဝမ်းပျက်ဝမ်းလျှောဝမ်းကိုက်ကိုသက်သာစေပြီး ဝမ်းမှန်စေတဲ့ အစွမ်းအာနိသင် စတဲ့ အစွမ်းအာနိသင်တွေရှိပါတယ်။

ထို့ကြောင့် ဖန်ခါးသီးကို တိုင်းရင်းဆေးအသုံးအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊သွားဖုံးရောဂါ၊ လိပ်ခေါင်းသွေးယိုရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အစာအိမ်ရောင်နာရောဂါ၊မျက်စိရောဂါတွေအတွက် ဆေးဖော်စပ်တဲ့နေရာမှာ တိုင်းရင်းဆေးသမားတော်တွေက တခြားပစ္စည်းများနဲ့ရောစပ်တာ ထည့်သွင်း အသုံးပြုလေ့ရှိကြပါတယ်။

မြန်မာ့ဆေးကျမ်းတွေမှာတော့ ဖန်ခါးသီးဟာ "ကြေကျက်လွယ်၏။ ပူ၏။ ခြောက်ကပ်စေ၏။ ဖန်၏။ ကြေကျက်သောအခါချို၏။ ဝမ်းမီးကိုတောက်စေ၏။ အစာကိုကြေကျက်စေတတ်၏။ ပျို့အန်ခြင်းကိုသက်သာစေ၏။ ရေငတ်ပြေစေ၏။ နှုတ်ကိုမြိန်စေတတ်၏။" ဆိုပြီးဖော်ပြထားပါတယ်။

ဒါ့အပြင် ဖန်ခါးသီးက သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်၊ ခံတွင်ကိုကျန်းမာစေတယ်၊ နာကျင်မှုကို သက်သာစေတယ်၊ သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်၊ ဓာတ်တိုး ပစ္စည်းတွေ ဖယ်ရှားပေးတယ် လို့လဲ သိရပါတယ်။

ဖန်ခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအများအပြားပါဝင်နေတာကြောင့် ကိုယ်ခံအားကစလို့ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့အထိ အကောင်းဆုံး ကာကွယ်ထောက်ပံ့ပေးနိုင်ပါတယ်။

ဖန်ခါးသီးကို ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ဆီးချို ရှိသူတွေ (အလွန်အကျွံ မစားသင့်)၊ ခွဲစိတ်ကုသမှု ခံယူမယ့် သူတွေ မခွဲစိတ်ခင် ၂ ပတ်အလိုကတည်းက မစားသင့်ပါဘူး။

ဝမ်းဗိုက်ရောဂါများကို အကျိုးပြုခြင်း၊ လေရောဂါကိုသက်စေခြင်း၊ ဝမ်းဗိုက်တင်းခြင်း၊ ထိုးအောင့်ခြင်း၊ ကျို့ထိုးခြင်းများကို ပျောက်ကင်းစေပါတယ်။

ဖန်ခါးသီးရဲ့အတွင်းရှိ အစေ့အဆန်သည် မျက်စိကိုအကျိုးပြုပါတယ်။

 

By Wyk (Myanmar Restaurant Guide)
Source: Dr သီတာနွယ်(ondr.co)


Read 90 times.